နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား

နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား
သာလှ  ။ဟူး- ကိုဖေမြရယ် မောလိုက်တာ စိတ်ရောကိုယ်ရောပဲ။
ဖေမြ  ။ဘာများ ဒီလောက်မောနေရတာလဲ။
သာလှ  ။မိသားစုစားဝတ်နေရေးဗျာ စားဖို့၊ ၀တ်ဖို့၊ နေဖို့၊ သုံးဖို့၊ စွဲဖို့၊ သောက်ဖို့။
ဖေမြ  ။မောမှာပေါ့ဗျာ မောမှာပေါ့၊ မိုက်တာကိုး။
သာလှ  ။ဘာမိုက်လို့လည်းဗျာ၊ ဒီမှာ လိမ္မာလွန်းလို့ကို လိမ္မာလွန်းလို့- ကျုပ်လုပ်သမျှ ခင်ဗျားသိပါတယ် ကိုဖေမြရယ်။
ဖေမြ  ။သိပါတယ်ဗျာ သိပါတယ်၊ မိုက်တယ်လို့ပြောတာက ဘုရားစကားနားမထောင်လို့ပါ။
သာလှ  ။နားထောင်နေပါသကောဗျာ၊ နားထောင်နေပါသကော။
ဖေမြ  ။ကျုပ်တို့ နေ့စဉ်စားဖို့သောက်ဖို့ အစရှိသည်ငှါ ကိုဘုရားပြင်ဆင်ပေးထားပါတယ်၊ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကိုလည်း ပြင်ဆင်ပေးထားပါတယ်၊ ကိုယ်ရဲ့လိုအပ်တဲ့အရာအားလုံးကိုလည်း ဘုရားပြင်ဆင်ပေးထားပါတယ်၊ ဒီအရာတွေ အသုံးလိုကြောင်းကိုလည်း ဘုရားသိပါတယ်။
သာလှ  ။မောတယ်ဆိုတာက တစ်ခါတစ်လေ လုပ်သလိုမဖြစ်တော့ ဖြစ်သလိုလုပ်ခဲ့ရတာပါပဲ။
ဖေမြ  ။အဲဒါ ကီးပွိုင့်ပဲ၊ ဘုရားသခင်ရဲ့စုံစမ်းခြင်းကီးပွိုင့်ပဲ၊ မှတ်ကျောက်တင်တယ်လို့ပဲ ဆိုကြပါစို့ဗျာ။
သာလှ  ။ကျုပ်လည်းတွေးတော့ တွေးမိပါသေးတယ်။
ဖေမြ  ။ဘုရားသခင်ကပြောတယ်လေ- နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား ကို ဦးစွာရှာကြပါ နောက်မှ လိုအပ်တာများကို ငါချပေးမယ် တဲ့ ။
သာလှ  ။ရှာနေပါတယ် ကိုဖေမြရယ်- ရှာနေပါတယ်။
ဖေမြ  ။ဒီလိုရှိတယ် ကိုသာလှရဲ့၊ နိုင်ငံတော် တိုးတက်ဖို့ ကြီးပွါးဖို့ ကျယ်ပြန့်ဖို့ ဆောင်ရွက်ကြတယ်၊ ကောင်းပြီ၊ အဲဒီလိုဆောင်ရွက်ကြရာမှာ ဖြောင့်မတ်ခြင်းနှင့်ပတ်သက်တာ ကြုံလာရတဲ့အခါ အကြောင်းတစ်စုံတစ်ခုကြောင့် မဖြောင့်မတ်နိုင်တော့ဘူး၊ အဲဒီလိုမဖြောင့်မတ်နိုင်ခြင်းရဲ့ နောက်ဆက်တွဲက မိမိလိုအပ်နေတဲ့ကောင်းချီးမင်္ဂလာခမ်းခြောက်သွားခြင်းပဲ။
သာလှ  ။သခင်အပေါ်သစ္စာမရှိတဲ့ ငယ်သားပေါ့လေ။
ဖေမြ  ။ဟုတ်ပဗျာ- ဟုတ်ပ။
သာလှ  ။ခက်တယ်ဗျာ- တစ်ခါတစ်လေ တစ်စုံတစ်ယောက် နစ်နာပျက်စီးမှာ စိုးတဲ့အတွက် မုသာများသုံးခဲ့ရတယ်။
ဖေမြ  ။ဒီမယ် ကိုသာလှ- လူအလုပ်လူလုပ်သင့်တယ်၊ ဘုရားက အရာအားလုံးကိုတတ်နိုင်တယ်လေ၊ ကိုသာလှကို ဘုရားကကြည့်ရှုစောင့်ရှောက်သလို သူ့အပေါ်မှာရော မကြည့်ရှုမစောင့်ရှောက်နိုင်ဘူးလား- ဒါကိုသိရင် ဆုတောင်းခြင်းအားဖြင့် သူကိုသတိရပါ ကိုသာလှ။
သာလှ  ။အေးဗျာ- အဲလို ဆုတောင်းခြင်းအားဖြင့် သတိရဖို့ကို သိရက်သားနဲ့ မေ့ မေ့တတ်လွန်းတယ်ဗျာ၊ ကျုပ်တို့လုပ်နိုင်တာလည်းမေ့ခဲ့ကြသကိုး။
ဖေမြ  ။ကျုပ်အစိုးရိမ်ဆုံးက ဘာလည်းသိလား။
သာလှ  ။ဘာများလဲဗျ။
ဖေမြ  ။နိုင်ငံတော်ကိုရှာပြီး ဖြောင့်မတ်ခြင်းတရားကိုမရှာခဲ့တဲ့သူတွေအတွက်ပေါဗျာ၊ ကောင်းကင်နိုင်ငံတော်အ၀င် ဂိတ်ပေါက်ဝမှာ “သခင် သခင့်နာမကိုသုံးပြီး နတ်ဆိုးတွေကိုနင်ထုတ်ခဲ့ဖူးတယ်လေ၊ သခင့်အလိုတော်အတိုင်း လုပ်ဆောင်ခဲ့ဖူးတယ်လေ” လို့ ကျုပ်တို့ပြောတဲ့အခါ “ငါ သင်တို့ကို အလျဉ်းမသိ” လို့ ငြင်းမှာကိုပဲ။ ရှင်မဿဲကျမ်းထဲမှာပါတယ်နော်။
သာလှ  ။ဟုတ်တယ်ဗျ ပါတယ်။ ဘာကြောင့်လဲဆိုတာ ကျုပ်လည်း သိချင်နေတာ၊ မလိမ္မာလို့ဖြစ်မယ်လောက်ပဲ ထင်ခဲ့တာ။
ဖေမြ  ။နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား- ဒီနှစ်ခုကိုဦးစွာရှာပါ- ကိုသာလှ၊ ခင်ဗျားလိုအပ်တာတွေ ချပေးလိမ့်မယ်တဲ့ ကတိတော်ရှိတယ် ကိုသာလှရဲ့။
သာလှ  ။ဟာလေလူးယာဗျာ- ကျုပ်သိပြီ ကိုဖေမြ။

God Bless You
Brother Aung