Merry Christmas
ဖေမြ။ ။ဘာလိုလိုနဲ့ မွေးနေ့တော် ခရစ္စမတ်ရောက်ဖို့ နီးပြီနော်။
သာလှ။ ။ဟုတ်တယ်နော် ဒီဇင်ဘာထဲရောက်ပြီဆို အရမ်းအလုပ်များတာပဲ၊ တစ်နေ့တစ်နေ့ အားကိုမအားဘူး။
ဖေမြ။ ။အလုပ်တွေရှုပ်နေတာလား၊ ဒါမှမဟုတ်အရှုပ်တွေလုပ်နေတာလား၊ တော်ကြာ မေရှိယခရစ်တော် ဘယ်တုန်းကမွေးလိုက်လဲ မသိဘူးဖြစ်နေဦးမယ်။
သာလှ။ ။အဲဒါပဲသတိထားနေရတယ် ကိုဖေမြရေ- ခရစ္စမတ်ပွဲတော်မှာ ကျွေးဖို့မွေးဖို့၊ ကြိုဖို့ပို့ဖို့ အစစအရာရာ လစ်ဟာမှုမရှိအောင်စီစဉ်ရတာ မလွယ်ဘူး၊ အဖုအထစ်လေးတွေဖြစ်လာရင် ကိုဖေမြပြောသလို မေရှိယခရစ်တော် ဘယ်တုန်းကမွေးလိုက်လဲမသိဘူး ဖြစ်နေမယ် ဟဲဟဲ။
ဖေမြ။ ။ဒီလိုပဲဗျ ကယ်တင်ရှင်ယေရှုခရစ်တော် မွေးဖွါးခြင်းကိစ္စမှာ လွဲမှားမှုဖြစ်အောင်၊ေ၀၀ါးမှုဖြစ်အောင်၊ အစဉ်အလာဖြစ်အောင် လူတွေရဲ့လုပ်ဆောင်မှု၊ စာတန်ရဲ့လုပ်ဆောင်မှု အများကြီးပါတယ်။
သာလှ။ ။ဟဟ- ဘာတွေလဲဟ၊ မကြားဖူးပါလား။
ဖေမြ။ ။မဟနဲ့ ကိုသာလှ၊ ကျုပ်က သိပ်ပြောချင်နေတာ။
သာလှ။ ။ပြောမယ်ဆိုပြော ကျုပ်တစ်ယောက်တည်းကိုပြော။
ဖေမြ။ ။ကျုပ်သတ္တိကလည်း ခင်ဗျားတစ်ယောက်တည်းကိုပဲပြောရဲတယ်။
သာလှ။ ။ပြောဗျာ-အာဂသူရဲကောင်းကြီး။
ဖေမြ။ ။ခရစ်တော်ကို နွားတင်းကုပ်မှာမွေးတာလို့ ဘယ်ကျမ်းထဲမှာပါလဲ၊ ကျုပ်ဖြင့်ရှာမတွေ့ပါလား။
သာလှ။ ။မသိဘူးလေ- နွားစာခွက်ထဲမှာသိပ်ထားတယ်ဆိုတော့ နွားတင်းကုပ်မှာပဲမွေးတာမဟုတ်ဘူးလား။
ဖေမြ။ ။ခက်တယ်ဗျာ နော်ကိုသာလှ။
သာလှ။ ။ဒါအရေးမကြီးပါဘူးဗျာ။
ဖေမြ။ ။ေ၀၀ါးစေမှုအတွက်ပြောတာပါ။
သာလှ။ ။ဘာရှိသေးလဲ။
ဖေမြ။ ။ဖိုးဖိုးစန်တာကလော့ကြီးကိုလည်း ကြည့်ပါဦး။
သာလှ။ ။ဘာများလဲ။
ဖေမြ။ ။သီချင်းတောင်ရှိသေးတယ်၊ ဘာတဲ့-“ဖိုးဖိုးစန်တာကလော့ကို အမြဲပဲမျှော်နေမယ်” တဲ့၊ လက်ဆောင်တွေပေးတတ်တဲ့ စန်တာကလော့ကို မျှော်နေ ကြိုနေရင်းနဲ့ပဲ နောက်ဆုံး ခရစ္စမတ်အဓိပ္ပါယ်ေ၀၀ါးခဲ့ရတယ်။ နောက်ပြီး “Merry X’mas ” တဲ့ အဲဒီနေရာမှာ X ဆိုတဲ့ စာလုံးက ဘာကိုရည်ညွန်းတာလဲ၊ Cross ဟာ Christ မဟုတ်ဘူးနော် ဗျည်းနှင့်သရ ကွဲကြစေချင်တယ်ဗျာ၊ စာတန်နဲ့ယေရှုကိုခွဲခြားကိုစေချင်ပါတယ်၊ စာတန်ရဲ့ပါးပါးလေး အောက်မှာ ကျုပ်တို့တွေ မှိန်းမောမနေစေချင်ဘူးဗျာ၊ ပျော်ရွှင်မနေစေချင်ဘူးဗျာ။ ကိုသာလှလို ကလေးတစ်ပိုင်းလူကြီးကတော့ အဲဒါကို သဘောပေါက်သင့်ပြီ။
သာလှ။ ။ပေါက်ပြီသကောဗျာ- ဒါပေမယ့် အများနှင့်တစ်ယောက် ကျုပ်ပြိုင်မမိုက်ရဲဘူးနော် ကိုဖေမြ။
ဖေမြ။ ။စကားမစပ်ရှိသေးတယ်ဗျ၊ အီစတာစန်းဒေးလို့ပြောတဲ့ ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနေ့ မှာဆိုလည်း ကြည့်စမ်းပါဦး။
သာလှ။ ။ကြက်ဥတွေ စားရတာသိပ်ကောင်း။
ဖေမြ။ ။အဲဒါပဲ- ဗိမာန်တော်ကို ကလေးကစားကွင်း လုပ်ပြီး ကြက်ဥ၀ှက်တမ်း ကစားကြတယ်။ လူသားအားလုံးအတွက် အလွန်တရာမှအရေးကြီးတဲ့ ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်တော်မူခြင်းကို အပျော်အပျက်လုပ်နေသလိုပဲ၊ အီစတာဆိုရင် ရှင်ပြန်ထမြောက်ခြင်း အဓိပ္ပါယ်ထက် ကြက်ဥပဲ သွားသွားမြင်ကြတယ်၊ ဘယ်ပုဂ္ဂိုလ်က စ ရူးလိုက်သလဲဆို Britinica ထဲမှာရှာကြည့်။
သာလှ။ ။ဟုတ်တယ်- ကျုပ်ကတော့ဖြင့် ဒါတွေနားမလည်ဘူး၊ ကြက်ဥစားရရင်ဖြင့် ပျော်ဟောဟော် နေတာပဲ။
ဖေမြ။ ။သူများကြက်ဥ ကိုယ်ကြက်ဥပေါ့ ဟုတ်လား။
သာလှ။ ။ရင်ထဲမှာ ဘုရားရှိရင်ပြီးရော မဟုတ်လား။
ဖေမြ။ ။တောင်ထိပ်မှာတင်ထားတဲ့ ကာလံဒေသံအဂ္ဂသနံဆိုတဲ့ ညစ်ပတ်တဲ့ မီးခွက်နှင့် အူမတောင့်မှသီလှစောင့်မယ်ဆိုတဲ့ မှိတ်တုတ်မှိတ်တုတ်အလင်းလား၊ လေမလာဖို့သာဆုတောင်း။
သာလှ။ ။အများကလက်ခံနေကြတာ ခက်တယ်နော။
ဖေမြ။ ။ခရစ်စမတ်မှာပျော်လား။
သာလှ။ ။ပျော်တာပေါ့၊ မီးပုံနဘေးပတ်ပတ်ရံ၊ ဟန်ညီလှသေး၊ တောင်ခြေမှာ ဘီယာဝိုင်းနဲ့ ဘလှတို့လေး။
ဖေမြ။ ။ပျော်ကြပါ- ပျော်ကြပါ။
သာလှ။ ။ပျော်ပါရစေ- ကိုဖေမြရယ်၊ ခရစ်တော်ရဲ့မွေးနေ့မှာ ကျုပ်လို လူဆိုးလည်း လူဆိုးရဲ့ ဘာသာဘာဝ ပျော်ခွင့်ပေးပါဗျာ၊ ပျော်ခွင့်ရှိတယ်မဟုတ်လားဟင်။
ဖေမြ။ ။ပျော်လို့ရတယ် ဒါပေမယ့် မပျက်နဲ့။
သာလှ။ ။စည်းနဲ့ ကမ်းနဲ့ ပါပဲ- ကိုဖေမြရာ။
ဖေမြ။ ။ပျော်တာတော့ ပျော်တာပေါ့လေ၊ ဘာကြောင့်ပျော်ကြတာလဲ။
သာလှ။ ။ကျုပ်တို့က အပြစ်သားတွေလေ၊ သေတဲ့တစ်နေ့ ငရဲသွားကြရမှာ မဟုတ်လား။
ဖေမြ။ ။ဟုတ်တာပေါ့။
သာလှ။ ။အဲဒီလို ငရဲသွားရမယ့်အရေးကနေ လာရောက်ကယ်တင်ပေးမယ့် ကယ်တင်ရှင်မွေးဖွါးခြင်း ကိစ္စကို မပျော်ပဲနေနိုင်ရိုးလားဗျာ- နော်- ကိုဖေမြ။
ဖေမြ။ ။ဒီလို ဒီလို ပျော်ကြစမ်းပါဗျာ၊ ရင်ဘတ်ထဲကနေ။
သာလှ။ ။မေရှိယ ဗျာ၊ ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ မွေးနေ့ဗျာ၊ Merry Christmas ဗျာ ကိုဖေမြ။
ဖေမြ။ ။Merry Christmas ဗျာ ကိုသာလှ။
God Bless You
Brother Aung