ကျမ်းမတတ်သောကျန်းဝူကျိ
သာလှ။ ။ပြီးခဲ့တဲ့ အပတ်တုန်းက ရန်ကုန်ကလာတဲ့ဆရာကြီး တရားဟောတာအရမ်းကောင်းတာပဲ- ကောင်းလိုက်တဲ့သီအိုလော်ဂျီဗျာ၊ တစ်ခါမှမကြားဖူးဘူး၊ ဟာ့ထိသွားတယ်ဗျာ။
ဖေမြ။ ။ဘာများဟာ့ထိသွားတာလဲ ကိုသာလှရဲ့။
သာလှ။ ။ကယ်တင်ခြင်းအကြောင်းလေ။
ဖေမြ။ ။ယေရှုခရစ်တော်ကို ယုံကြည်ရင်ကောင်းကင်နိုင်ငံတော် ရောက်မယ်လို့ ကျမ်းစာကပြောတယ်လေ။
သာလှ။ ။သူပြောတာအဲလိုမဟုတ်ဘူး- ခရစ်ယာန်တို့ရဲ့ အသစ်မြင်ရှုထောင့်တဲ့- ဟာ- ကိုဖေမြမေးတာနဲ့ ကျုပ်တောင်တွေဝေသွားပြီဗျာ။
ဖေမြ။ ။တွေဝေသွားတာ မဟုတ်ဘူး၊ အိပ်မက်ရာကလှန့်နိုးလာတာ။
သာလှ။ ။ဟုတ်လောက်မယ်ထင်တယ်၊ ကျုပ်လည်းဒါပဲတွေးတွေးနေမိသဟ၊ ဘ၀င်တော့မကျလှဘူး။
ဖေမြ။ ။နောက်ဆုံးသိုးမွေးတွေ ညှပ်သွားတာပဲ မဟုတ်လား။
သာလှ။ ။ကျုပ်က နှုတ်မှာပဲကြောက်တာ- တစ်ချို့သိုးမလေးတွေများ နို့ကလေးတွေပိန်ရှုံ့သွားတာပဲ- ဒါတောင်တစ်ချို့သိုးထီးကြီးတွေက အေးဆေးအေးဆေး လုပ်နေသေး။
ဖေမြ။ ။သတ်မသွားတာပဲ ကျေးဇူးတင်၊ ဒါတောင်ဘယ်နှကောင်ခိုးသွားပလဲ။
သာလှ။ ။တစ်အုပ်လုံး မ မသွားတာပဲ ကျေးဇူးတင်တယ်ဗျာ။
ဖေမြ။ ။မြေခွေး သနားမှ သိုး ချမ်းသာမယ့်အရေးနော်။
သာလှ။ ။ဘာတွေ လျှောက်လျှောက်ပြောနေတာလဲ ကိုဖေမြရဲ့ ဟုတ်မဟုတ် သေချာမသိပဲနဲ့ ကိုယ်က စ မဖေါင်းနဲ့နော်။
ဖေမြ။ ။ကျုပ်တို့ကအင်္ဂလိပ်စာမတတ်တော့၊ အင်္ဂလိပ်စာတတ်တဲ့သူတွေက ဟိုအင်္ဂလိပ်စာအုပ်ကိုမှီငြမ်း ဒီအင်္ဂလိပ်စာအုပ်ကိုမှီငြမ်း ပြီးတော့ ငြမ်းဆင်၊ ငြမ်းဆင်ပြီးတော့ ကျမ်းထုတ် သီအိုရီထုတ်ပြီး ဟုတ်သလိုလို စားပေါက်တွေ ထွင်ကြတယ်တဲ့၊ ဘာတဲ့ Master တန်းအတွက် thesis က သုံးသိန်းဆိုလားပဲ၊ ဘုရားရဲ့နာမကိုသုံးပြီးတော့ ဘုရားကိုပြစ်မှားနေကြပြီဗျာ၊ ကျုပ်တို့ အခုလို တောပြောတောင်ပြော ပြောနေတာတောင် ဘုရားကကြိုက်မှာမဟုတ်ဘူး ကိုသာလှရယ်။
သာလှ။ ။အေးဗျာ- ကျုပ်တို့လည်း ဘေးထိုင်ဘုပြောတွေ ဖြစ်နေပြီဗျာ။
ဖေမြ။ ။စေတနာပါ ပါတယ်၊ မနေနိုင်လွန်းလို့ပါ။
သာလှ။ ။စေတနာကနေ ဝေဒနာဖြစ်ကုန်ရင်ကော။
ဖေမြ။ ။မတတ်နိုင်ဘူးဗျာ- ညီအစ်ကိုချင်းပဲဟာ၊ ကျုပ်ကိုစိတ်ဆိုးရင် ဗိမာန်တော်ဘယ်ဝင်လို့ရမလဲ ကျမ်းစာကပြောတယ်မဟုတ်လား။
သာလှ။ ။ကိုဖေမြ တို့ ကြပ်ပုံကများ၊ ယောက်မလို လူ မလုပ်ပါနဲ့ ကိုဖေမြရယ်၊ တော်ကြာ ကိုယ်ကိုတိုင်က စာတန်ဖြစ်နေပါဦးမယ်၊ စာတန်ကကျမ်းတတ်တယ်နော်။
ဖေမြ။ ။သိပ်တတ်တာပေါ့ ကိုသာလှရယ်၊ ဒေါက်တာတို့ ဖာရိရှဲတို့ ဇဒ္ဒုကဲတို့ထက် သာပါတယ်။ အမြင့်ဆုံးသော ဘုရားကိုတောင်အံတုလာခဲ့တဲ့သူပဲ၊ ယေရှုခရစ်တော်ကိုတောင် ကျမ်းစာလာသည်ကား ကျမ်းစာလာသည်ကား ဆိုပြီး ကျမ်းစာနှင့်နှောင့်ယှက်သွားတာ။
သာလှ။ ။ဘယ်မှာလဲဗျ။
ဖေမြ။ ။ရှင်မဿဲခရစ်ဝင်ကျမ်းထဲမှာလေ- ရက်ပေါင်းလေးဆယ် အစာရှောင်ဆုတောင်းပြီး ဆာလှောင်နေတဲ့ ယေရှုခရစ်တော်ကို စာတန်မာရ်နတ်က ကျမ်းစာလာသည်ကား သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤ ကျောက်ခဲကို မုန့်ဖန်ဆင်းပြီးတော့စားပါလား ဆိုပြီး ဘာညာနဲ့ နှောင့်ယှက်တယ်မဟုတ်လား။
သာလှ။ ။ဟုတ်တယ်နော်- ယေရှုခရစ်တော်တောင်မှ ကျမ်းစာကိုလက်နက်သဖွယ်အသုံးပြုပြီးတော့ နှောင့်ယှက်တာခံရသေးတယ်နော်၊ ကြောက်တောင်ကြောက်လာပြီ။
ဖေမြ။ ။ဟုတ်တယ်ကိုသာလှ၊ စာတန်မာရ်နတ်ကနှောင့်ယှက်ရုံ ရှိသေးတယ်၊ လူတွေက ယေရှုခရစ်တော်ကို ကားတိုင်ပေါ်မှာ ရက်ရက်စက်စက်သတ်ခဲ့ကြပြီဗျာ။
သာလှ။ ။အမယ်လေးကိုဖေမြရယ်- ကျုပ်ဘယ်နေရမှန်း မသိတော့ဘူး။
ဖေမြ။ ။ကျုပ်လည်းကြောက်တာပါပဲ၊ အားယူ၍ ရဲရင့်ခြင်းရှိဖို့ရန် ကျုပ်တို့ဘုရားသခင်ထံ ခွန်အားတောင်းခံရအောင် ကိုသာလှ။
သာလှ။ ။ကောင်းတယ် ကိုဖေမြ။
ဖေမြ။ ။“အို အဘဘုရားသခင် ကျွန်တော်ဖေမြ နှင့်သူငယ်ချင်းသာလှ တို့ကိုသနားတော်မူပါ၊ အတောင်တော်ရိပ်၌ခိုလှုံခွင့်ပေးတော်မူပါမည့် အကြောင်း ယေရှုခရစ်တော်၏နာမ၌ ရိုသေစွာ အသနားခံပါ၏ ဘုရားသခင်။ အာမင်”
သာလှ။ ။အာမင်။
God Bless You
Brother Aung