မနာသောသူဆေးသမားကိုအလိုမရှိ
ဖေမြ။ ။လာ- ကိုသာလှ ထိုင်ဗျာ- ဒီမှာ ပဲလိပ်ပြာနဲ့ အဖန်ခြောက်ကောက်ညှင်းမွှေး မြည်းပါဦးလား။
သာလှ။ ။မြည်းဆိုလည်းမြည်းရတာပေါ့ဗျာ- ကိုဖေမြတို့များ အေးဆေး-
ဖေမြ။ ။ဧကန္တ ကိုသာလှတစ်ယောက်မောပြီထင်တယ်။
သာလှ။ ။အသင်းတော်တာဝန်နဲ့ ရပ်ရေးရွာမှုတာဝန်တွေ လုပ်ရတာ အားရတယ်ကိုမရှိဘူး- ဟူး- ကိုဖေမြတို့များကြည့်ပြန်တော့လည်း အေးဆေး၊ တစ်ကယ်ဆို ကိုဖေမြလိုမျိုး တော်တဲ့လူတွေပါဝင်လာရင် ကျုပ်အတွက်တစ်တပ်တစ်အားဗျာ။
ဖေမြ။ ။ကျုပ်အတွက်မဟုတ်ဘူး၊ အသင်းတော်အတွက်လို့ပြင်ဗျာ- အချိန်ပေးမယ်။
သာလှ။ ။ဆောရီးဗျာ-ဆောရီး- အသင်းတော်အတွက်ပါ-အသင်းတော်အတွက်ပါ။
ဖေမြ။ ။ကျုပ်ရဲ့ Activity တွေအခုထိ မတွေ့သေးတာ ခင်ဗျားရဲ့သိနိုင်မှုစွမ်းရည်နဲ့ပဲ ဆိုင်တယ်၊ကျုပ်နဲ့မဆိုင်ဘူး၊ လမ်းညွှန်ဆိုင်းဘုတ်လေးက ဘာအလုပ်မှမလုပ်ဘူးဆိုတာ ကိုသာလှတစ်ယောက်ပဲပြောတတ်တယ်။
သာလှ။ ။ကျုပ်က လက်တွေ့မှကြိုက်တာ။
ဖေမြ။ ။ခေါင်းမရှိတဲ့လူ၊ လျှာမရှိတဲ့ပါးစပ်၊ ဟင်းမွှေတဲ့ယောက်မ။
သာလှ။ ။ဥပမာဥပမေယျ တွေနဲ့ခိုင်းနှိုင်းမနေနဲ့၊ ကဲ- ကျုပ်ကိုကူညီမလားမကူညီဘူးလား ပြော။
ဖေမြ။ ။ကျုပ်ကိုလား၊ အသင်းတော်ကိုလား။
သာလှ။ ။ဆောရီးဗျာ- အသင်းတော်ကိုပြောတာ။
ဖေမြ။ ။ကိုသာလှတစ်ယောက်လည်း ခက်လှပါသကော- “ကျုပ်”က “အသင်းတော်”ရှေ့ရောက် ရောက်နေသနော်။
သာလှ။ ။အေးဟ- ၀သီကိုက အဲလိုအဲလို တစ်ခါတစ်လေမေ့မေ့နေတယ်ဗျ။
ဖေမြ။ ။ဆိုင်းဘုတ်လေးတွေ့မှ သတိရလာတယ်ပေါ့။
သာလှ။ ။ဟုတ်တယ်- ခင်ဗျားပြောမှပဲ။
ဖေမြ။ ။ကျုပ်က ကျုပ်တာဝန်ကျေမှာပါ။
သာလှ။ ။ကြိုက်ပြီဗျာ-ကြိုက်ပြီ။
ဖေမြ။ ။အဲလို- “ကြိုက်ပြီဗျာ”လို့ ပြောတာကျုပ်ကြောက်တယ် ကိုသာလှရဲ့။
သာလှ။ ။ဘာပြုလို့လဲဗျာ။
ဖေမြ။ ။ပျော်ရွှင်နေတဲ့အချိန်မှာတွေ့ကြရင် ကြိုက်ပေမယ့် ပျာယာခပ်နေတဲ့အချိန်မှာတွေ့ကြရင် မကြိုက်တတ်တဲ့ သဘာဝလေးတွေရှိတတ်လို့ပါ။
သာလှ။ ။အဲဒီအထဲကျုပ်မပါဘူး။
ဖေမြ။ ။လူမှာစွမ်းရည်ရှိတယ်၊ အဲဒီစွမ်းရည်မှာ အကန့်အသန့်ရှိတယ်။
သာလှ။ ။အဲဒါ ကျုပ်သိတယ်။
ဖေမြ။ ။“လုပ်နိုင်တယ် ဆိုပြီးတော့မလုပ်သင့်တာကို တစ်အားမလုပ်ပါနဲ့” ဆိုတဲ့ ဆရာတော်တစ်ပါးရဲ့အဆိုအမိန့်ကို သတိရသဟ။
သာလှ။ ။ကျုပ်မှာ ဘုရားရှိတယ်၊ ယေရှုခရစ်တော်အားဖြင့် အရာခပ်သိမ်းကိုကျုပ်တတ်စွမ်း နိုင်တယ်ဗျာ။
ဖေမြ။ ။ခက်တယ်ဗျာ-ပြောရဆိုရတာ ခက်ကိုခက်တယ်။ Emotion ကိုရှေ့တန်းတင်ပြီး မလုပ်သင့်တာကို တစ်အားလုပ်ရင် ဖြစ်သင့်တာက ဖြစ်လာပါ့မလား။ ကဲ ကိုသာလှ- ကျုပ်မှာလည်း ဘုရားရှိတာပါပဲ၊ Emotionအရ တစ်ရွာလုံးမှာရှိတဲ့အပျိုချောတွေ ကျုပ်မယားဖြစ်စေရမယ် လို့ ကျုပ်ပြောရင်ကော။
သာလှ။ ။အိုး ဟိုး ဟိုး- ဘုရားရဲ့အလိုတော်နဲ့ ကျုပ်အလိုကို ခွဲခြားသဘောပေါက်ပြီ။
ဖေမြ။ ။မလုပ်သင့်တာကို လုပ်ပြီးတာ့မှ မဖြစ်သင့်တာတွေဖြစ်လာတော့တဲ့အခါ စာတန်နှောင့်ယှက်လို့ဖြစ်သွားတာမပြောနဲ့။
သာလှ။ ။အေးဗျာ- ဒီကိစ္စ တော်တော့ကို သတိပြုစရာပါပဲ။
ဖေမြ။ ။နှိမ့်ချသောစိတ်နဲ့ အစေခံဖို့ဆိုတာ ခရစ်တော်ရဲ့အစေကိုခံဖို့ပြောတာ အသင်းသားတွေရဲ့အစေကိုခံဖို့မဟုတ်ဘူး၊ ဟိုက၀န်ကိုထမ်း ဒီက၀န်ကိုထမ်းရင်းနဲ့ မောလာတော့ အရင်းနှီးဆုံးသူငယ်ချင်းကို “ကဲ-ကိုဖေမြ ခင်ဗျားကူညီမလားမကူညီဘူးလား” မေး၊ သူကမကူညီနိုင်ဘူးဆို-စိတ်ဆိုး။ ခရစ်တော်ကပြောထားတယ်လေ “ငါ့ထမ်းပိုးသည်ထမ်းလွယ်၏၊ ငါ့ဝန်လည်းပေါ့၏”တဲ့၊ ခရစ်တော်ရဲ့ဝန်ကိုသာထမ်းမယ်ဆိုရင်ပေါ့ပါတယ်၊ အခုတော့ စေတနာကောင်းကောင်းနဲ့လျှောက်လျှောက်ထမ်းတော့ မောပြီပေါ့ ကိုသာလှ ခင်ဗျားမောပြီပေါ့။
သာလှ။ ။ဟုတ်တယ် ကျုပ်မောနေပြီ။
ဖေမြ။ ။ခရစ်တော်ကပြောတယ် “အသင်းတော်ဟာ ငါ့ရဲ့ခန္ဓာ”တဲ့၊ ဒါဆိုကျုပ်တို့ဟာ အသင်းသားတွေဖြစ်တဲ့အတွက် ခန္ဓာထဲက ဆဲလ်တွေပေါ့၊ အရိုးတွေပေါ့၊ အင်္ဂါတွေပေါ့၊ အသင်းတော်ရဲ့ဦးခေါင်းဖြစ်တဲ့ ခရစ်တော်ရဲ့မိန့်မှာချက်ကို လိုက်နာဖို့လိုတယ်။
သာလှ။ ။ဟုတ်တယ်- ကျုပ်က အသင်းတော်ရဲ့ခေါင်းဆောင်ဆိုတာနဲ့ ကျုပ်လည်း တာဝန်တွေတော့ ငါ့အပေါ်ကျလာပြီ ငါကြိုးစားမှရမယ် အသင်းတော်ရဲ့ ဘက်စုံဖွံ့ဖြိုးမှုက ငါ့လက်ထဲမှာလို့ ခံယူမိခဲ့ပါတယ်ဗျာ။
ဖေမြ။ ။အသင်းတော်ရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် ကြိုးစားရင်း ငါ့ဘ၀ ဘက်စုံရှုံးနိမ့်ခဲ့ရတယ် ဆိုရင် ခရစ်တော်လည်းကြိုက်မှာမဟုတ်ဘူး၊ ဘယ်သူမှလည်းကြိုက်မှာမဟုတ်ဘူး။
သာလှ။ ။ဟုတ်တယ်ဗျာ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး။
ဖေမြ။ ။ကျန်းမာလျှင် ကြီးထွားလိမ့်မယ်။
သာလှ။ ။အိုး ဟိုးဟိုး- ဟုတ်ပါရဲ့ဗျာ ကျန်းမာလျှင်ကြီးထွားလိမ့်မယ်။
ဖေမြ။ ။အသင်းတော်ကို ကျန်းမာအောင်သာလုပ် ကြီးထွားလိမ့်မယ်။
God Bless You
Brother Aung