ဒီလိုဆိုတစ်မျိုးပေါ့

ဒီလိုဆိုတစ်မျိုးပေါ့
သာလှ  ။သူငယ်ချင်းစံလှ တစ်ယောက်တော့ ပျက်စီးပြီဗျာ။
ဖေမြ  ။ကျုပ်တားပါတယ်၊ သူက နားမထောင်ဘူးဗျ။
သာလှ  ။အေးဗျာ- အခုတော့ အရက်သမား လုံးလုံး ဖြစ်ပြီပေါ့။
ဖေမြ  ။မတရားသောသူတို့ရဲ့ တိုက်တွန်းခြင်း ကို မလိုက်ဖို့၊ လူဆိုးတွေရဲ့လမ်းမှာ မရပ်မနေဖို့ ကျုပ်ပြောတာလည်း အမောပဲ အဖတ်တင်တယ်။
သာလှ  ။အေးဗျာ- မိဘမျိုးရိုးကလည်းကောင်း၊ ငယ်ကတည်းက လူကြီးသူမကိုလည်း ရိုသေ၊ စည်းကမ်းတကျ ချပ်ချပ်ရပ်ရပ် ရှိလှတဲ့ ကိုစံလှ၊ ကြီးမှဘယ်လိုဖြစ်တာလဲ မသိတော့ပါဘူး။
ဖေမြ  ။ယေရှုခရစ်တော် ပြောတာကတော့ ဖြူသောအ၀တ်ကို ခွေးတွေရှေ့မှာချမထားနဲ့ တဲ့ ကိုက်ဆုတ်လိမ့်မယ် တဲ့ ဗျ။
သာလှ  ။ကိုစံလှ က အ၀တ်ဖြူဆိုတော့ ခွေးတွေ ကိုက်ဆုတ်လိုက်ကြပြီပေါ့လေ။
ဖေမြ  ။သိပ်ဟုတ်တာပေါ့ ကိုသာလှ။
သာလှ  ။ဖြစ်မှဖြစ်ရလေ ကိုဖေမြရယ်။
ဖေမြ  ။ကျုပ်မူပိုင် စကားလုံးကိုမသုံးနဲ့လေ။
သာလှ  ။ဆောရီးဗျာ- ဆောရီး။
ဖေမြ  ။ကိုစိန်တင့်ကြီး လည်း ဘာထူးလည်းဗျာ။
သာလှ  ။ဘာလည်းဗျ၊ မသိရသေးပါလား။
ဖေမြ  ။မြို့က it ဆရာကိုစိန်တင့်လေ။
သာလှ   ။သိတယ်လေ။
ဖေမြ  ။သူ့မှာ ထူးထူးခြားခြား တပည့်တစ်ယောက်ရှိတယ်၊ အေဘီစီဒီ မတတ်တဲ့ တပည့်။
သာလှ  ။ဒါဆို မနည်းသင်ရမှာပဲ။
ဖေမြ  ။ဟုတ်တယ်- ကိုစိန်တင့်ကြီးက အလုပ်ကိုင် အပျက်ခံပြီး စေတနာအပြည့်နဲ့ တတ်အောင်သင်ပေးတယ်။
သာလှ  ။ဒါနဲ့ တတ်ရောလား။
ဖေမြ  ။အင်တာနက်တောင် သုံးတတ်လာသဟ။
သာလှ  ။ဒါနဲ့။
ဖေမြ  ။ကိုစိန်တင့်ကြီးရဲ့ သူငယ်ချင်းတစ်ယောက်က ဟမ်းဖုန်းမှာ wifi ဘယ်လိုဖွင့်ရသလဲလာမေးတယ်။
သာလှ  ။ဒါနဲ့။
ဖေမြ  ။ကိုစိန်တင့်ကြီးကလည်း သူ့မှာဖုန်းပါမလာလေတော့ သူ့တပည့်ကျော်ဆီက ဖုန်းကိုခဏငှါးပြီး သူ့တပည့်ရှေ့မှာပဲ wifi ဆိုတာ အဲဒီလို on ရတယ်လို့ လုပ်ပြလိုက်တယ်။
သာလှ  ။ဒါနဲ့။
ဖေမြ  ။ညကျတော့ ပြဿနာတက်ပါလေရော။
သာလှ  ။ဘယ်လိုတက်တာလဲ။
ဖေမြ  ။တပည့်လုပ်တဲ့ လူက ဆရာကို ခင်ဗျားလုပ်လို့ ကျုပ် Facebook ပျက်စီးသွားပြီ လို့ စွပ်စွဲတယ်။
သာလှ  ။ကျေးဇူးဆပ်ပြီပေါ့။
ဖေမြ  ။ဒါနဲ့ ဦးစိန်တင့်ကြီးကလည်း မင်းဟာ ငါ မဖျက်ဆီးပါဘူးကွာ၊ ငါ wifi လေး on ပြရုံပါကွာ လို့ ပြန်ရှင်းပြတယ်။
သာလှ  ။ရှင်းပြတာတော့--
ဖေမြ  ။အဲလိုမဖြစ်ရဘူး၊ ခင်ဗျားက အများကြီးတတ်တယ် ဆိုပြီး ကိုစိန်တင့်ကြီးကို အပြစ်တင်တယ်ဗျ။
သာလှ  ။ဖြစ်မှဖြစ်ရလေ ကိုဖေမြရယ်။
ဖေမြ  ။ ကျုပ်မူပိုင်စကားလုံးကို ယူသုံးပြန်ပြီ။
သာလှ  ။ဆောရီးဗျာ-ဆောရီး။
ဖေမြ  ။တစ်ကယ်တော့ ဦးစိန်တင့်ကြီးက ဘုရားစကား နားမထောင်လို့ပါဗျာ။
သာလှ  ။ဘယ်လိုနားမထောင်တာလဲ။
ဖေမြ  ။ယေရှုခရစ်တော်ကပြောတယ်၊ ပုလဲရတနာကို ၀က်ရှေ့မှာ ချမထားနဲ့တဲ့ ချထားရင် ကျော်နင်းပြီး ချထားတဲ့သူကို လှည့်ကိုက်လိမ့်မယ်တဲ့။
သာလှ  ။သနားပါတယ်- ကိုစိန်တင့်ကြီး၊ စေတနာလည်းထားရသေး၊ စွပ်စွဲတာလည်း ခံရသေး။
ဖေမြ  ။တစ်ချိန်တုန်းက ယေရှုခရစ်တော်ကိုလည်း လူလိမ် လို့ လူတွေစွပ်စွဲခဲ့ကြသေးတယ် မဟုတ်လား။
သာလှ  ။အေးဗျာ-လူတွေကလည်း ဆိုးတယ်။
ဖေမြ  ။အခုထိ ရှိတုန်းပါပဲဗျာ။
သာလှ  ။အေးဗျာ- ဆိုးကိုဆိုးတယ်။
ဖေမြ  ။ဟုတ်တယ် ကျုပ်တို့လည်းပါတယ်။
သာလှ  ။ဒါနဲ့- ကိုဖေမြ ခင်ဗျား သောက်ထားလား။
ဖေမြ  ။အဲလိုမစွပ်စွဲနဲ့ဗျာ။
သာလှ  ။အနံ့ရသလိုဖြစ်နေလို့ပါ၊ တစ်ကယ်လို့ မသောက်သေးဘူးဆိုရင်လည်း သွားရအောင်ဗျာ၊ ကျုပ်ဒကာခံပါ့မယ်ဗျာ။
ဖေမြ  ။ဒီလိုဆို တစ်မျိုးပေါ့။

God Bless You
Brother Aung