ဒါဆို၅၀၀ယူ
သာလှ။ ။ကိုဖေမြရေ အခုတစ်လော Global Unity အကြောင်းလူတွေတစ်အားပြောလာကြတယ်နော်၊ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းရေးကတော့ ကောင်းပါတယ်ဗျာ၊ တစ်ယောက်နှင့်တစ်ယောက် ချစ်ချစ်ခင်ခင်လေးပေါ့။
ဖေမြ။ ။Age of Mythology ဆိုတဲ့ ဂိမ်းထဲမှာတော့ ချိုးကူသံလေးကြားရင် စစ်တိုက်လို့မရတော့ဘူး၊ အဲဒီအချိန်မှာ ဘာလုပ်ကြသလဲသိလား ကိုသာလှ။
သာလှ။ ။ဘယ်သိမလဲ ကျုပ်မှ မကစားဖူးတာ။
ဖေမြ။ ။အဲဒီအချိန်မှာ ငြိမ်းချမ်းနေသယောင်ပဲ ဒါပေမယ့်စစ်ရေးပြင်ဆင်နေရတယ်၊ မပြင်ဆင်လို့လည်းမရဘူး၊ မပြင်ဆင်ရင် ရန်သူကလာဆော်သွားလိမ့်မယ်။
သာလှ။ ။ကလေးကလား ဂိမ်း အကြောင်းမပြောပါနဲ့ဗျာ။
ဖေမြ။ ။Logic အရ အဖြူနှင့်အမည်း ပေါင်းရင်ဘာရမလဲ။
သာလှ။ ။မီးခိုးရောင်ရမှာပေါ့ဗျာ။
ဖေမြ။ ။မှန်လိုက်တာ ကိုသာလှရာ၊ တစ်ကယ်အမှန်က အမည်းပဲရမှာ၊ မယုံရင် လက်တွေ့ပေါင်းကြည့်ပါလား၊ အဖြူပမာဏက မထောက်မတန်များနေမှသာ မီးခိုးရောင်ရမှာ။
သာလှ။ ။ဟုတ်တယ်ဗျ ပြင်းဆ က ကိုအမည်းရောင်က အလိုလိုသာနေတာ။
ဖေမြ။ ။ဒါသဘောပေါက်ရင်လည်း သတိထားနေကြဗျာ။
သာလှ။ ။သတိထားမနေနိုင်ဘူး ကိုဖေမြကသာ အစိုးရိမ်လွန်နေတာ။
ဖေမြ။ ။ကျုပ်ပြောတာလက်မခံလို့ရတယ်ကိုသာလှ၊ ဒါပေမယ့် ယေရှုခရစ်တော်ပြောတာတော့ လက်ခံသင့်ပါတယ်၊ နောက်ဆုံးသောနေ့ရက်မတိုင်ခင် နိမိတ်လက္ခဏာထဲမှာ ညီအစ်ကိုချင်းတောင် စိတ်ဝမ်းကွဲကြလိမ့်မယ်တဲ့။
သာလှ။ ။ဒါလည်းဟုတ်ပါတယ်၊ ရန်သူကိုတောင်ချစ်ခင်ရမယ် နောက်ပြီး ပါးတစ်ဖက်ကိုရိုက်ရင် နောက်ပါးတစ်ဖက်ကိုပါပေးဦး လို့ ပြောထားသေးတယ်နော်။
ဖေမြ။ ။အဲဒီနေရာမှာ သတိပြုစရာစကားလုံးက “ရန်သူ” ဆိုတာနော်၊ ဘယ်သူမှ ကိုသာလှရဲ့ ဗလ နဲ့ ကိုယ်ကျင့်တရားကိုကြည့်ပြီး အခြောက်လို့ သိမှာမဟုတ်ဘူး လှန့်နေကြမှာ။ နောက်ပြီး ရှိသေးတယ် အဘယ်သူကိုမျှ ကိုယ်ကစ၍ ဒေါသနှင့်မပြုလေနဲ့တဲ့၊မှာထားတော်မူတဲ့စကားတွေကိုလည်း သတိရပါဦး၊ သတ်ရသောနေ့ရှိသလို သေရသောနေ့လည်းရှိမယ်လို့ တုံးတုံးချ ယူဆပြီး ဘုရားတစ်ဖက်ဒါးတစ်လက်နဲ့တော့မနေစမ်းပါနဲ့ဗျာ၊ ချစ်စကိုရှည်စေ မုန်းစကိုတိုစေနော် ကိုသာလှ။
သာလှ။ ။မယားတစ်ဖက် သားတစ်လက်နဲ့ပဲနေမှာပါဗျာ။ ဒါနဲ့တော်ကြာကပြောတဲ့ ညီအစ်ကိုချင်းမုန်းကြလိမ့်မယ်ဆိုတာဘာလဲဗျ။
ဖေမြ။ ။နောက်ဆုံးသောနေ့ရက်ရောက်လာခါနီးရင် ကြုံတွေ့လာရမယ့်နိမိတ်လက္ခဏာတွေပါဗျာ၊ ယေရှုခရစ်ကိုယ်တိုင်သတိပေးခဲ့တာ။ အသင်းတော်တွေထဲမှာလည်းကြည့်ပါဦး၊ ဘုရားရှိတဲ့သူ၊ ဘုရားမရှိတဲ့သူ၊ ဧ၀ံဂေလိလုပ်ချင်သူ၊ ဧ၀ံဂေလိလုပ်တာမကြိုက်တဲ့သူ၊ အသင်းတော်အရေးပဲစိတ်ဝင်စားတဲ့သူ၊ လူမှုရေးပဲလုပ်တဲ့သူ၊ လူမျိုးရေးပဲကြည့်တဲ့သူ၊ မိသားစုကိုရှောင်ပြေးသူ၊ အမြတ်ထုတ်မည့်သူ၊ နေရာလုတဲ့သူ၊ အုပ်စုဖွဲ့တဲ့သူ၊ ဆိုရှယ်ကျတဲ့သူ၊ ဘုရားကိုကြောက်တဲ့သူ၊ ဘုရားနဲ့ခြောက်တဲ့သူ၊ ပုံကြီးချဲ့တတ်သူ၊ လျစ်လျူရှုတတ်သူ၊ အစုံစုံပါပဲဗျာ- Global Unity လေးတော့သနားပါတယ်ဗျာ၊ ယုဒရှင်ကာရုတ်လက်သစ်တွေ ငွေထုတ်စားဖို့လောက်ပဲရမှာ၊ အချိန်ကာလကတော့နောက်ကျနေပြီ။ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး(၁၃) အငယ်၂၄မှ၃၀ အထိကိုဖတ်ကြည့်ပါဦး။
သာလှ။ ။ဟုတ်ပါတယ်ဗျာ၊ ဇော်ဝင်းထွဋ်သီချင်းထဲကလို ငြိမ်းချမ်းရေးအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်။
ဖေမြ။ ။ငြိမ်းချမ်းရေးအတွက် သာလှရှိနေမယ် လုပ်စမ်းပါဗျာ။
သာလှ။ ။ငြိမ်းချမ်းရေးအတွက်သာလှရှိနေမယ်။
ဖေမြ။ ။ငြိမ်းချမ်းရေးကိုဘာနဲ့သွားမလဲ ကိုသာလှ။
သာလှ။ ။ကားနဲ့သွားမယ်ဗျာ။
ဖေမြ။ ။ရပ်ကွက်ကိုပြောတာမဟုတ်ဘူးနော်။
သာလှ။ ။အလကားနောက်တာပါ။
ဖေမြ။ ။ကျုပ်ကလည်း မေ့တတ်လိုက်တာမှလွန်ရော ဆိုတဲ့ ကိုသာလှကို ငြိမ်းချမ်းရေးအတွက် သတိပေးလိုက်ဦးမယ်။
သာလှ။ ။ဘာများတုန်းဗျ။
ဖေမြ။ ။အရေးကြီးဆုံးပညတ်ချက်ဖြစ်တဲ့ သင်၏ဘုရားသခင် ထာဝရဘုရားကို---
သာလှ။ ။သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုယ်စွမ်းရှိသလောက်၊ဥာဏ်စွမ်းရှိသလောက်ချစ်လော့။
ဖေမြ။ ။ဟုတ်တယ်။
သာလှ။ ။ဟုတ်တယ်နော် ကျုပ်ကမေ့တတ်လိုက်တာမှလွန်ရော၊ ဒါပေမယ့် အခုသိပ်မမေ့တော့ဘူးဗျ။
ဖေမြ။ ။နောက်တစ်ချက်ရှိသေးတယ်လေ။
သာလှ။ ။ဘာများလဲဗျာ။
ဖေမြ။ ။ကိုယ်နှင့်စပ်ဆိုင်သူကိုကိုယ်နှင့်အမျှချစ်လော့ တဲ့။
သာလှ။ ။ဟုတ်တယ်ဗျာ ကျုပ်ကလည်းမေ့တတ်လိုက်တာမှ လွန်းလွန်လွန်းတယ်၊ တစ်ကယ်တော့ ကျုပ် ကိုဖေမြဆီလာတာ ပိုက်ဆံလေး တစ်ထောင်လောက်ချေးမလို့။
ဖေမြ။ ။လာရင်းကိစ္စတော့မမေ့တတ်ပါလား။
သာလှ။ ။ဘယ်မေ့လို့ဖြစ်မလဲဗျာ၊ ကိုယ်ရေးကိုယ်တာပဲဟာ။
ဖေမြ။ ။ကျုပ်မှာရှိတာမှ တစ်ထောင်တည်း။
သာလှ။ ။ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်တယ်ဆို။
ဖေမြ။ ။ကိုသာလှ တော့ အကျပ်ကိုင်ပြီ။
သာလှ။ ။ချေးငှါးလာသူကိုလည်း မငြင်းရဘူးနော်။
ဖေမြ။ ။ဟေ-- ဒါဆို(၅၀၀)ယူ။
God Bless You
Brother Aung
ရှင်မဿဲခရစ်ဝင်ကျမ်း(၁၃း၂၄-၃၀)
၂၄အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။ ၂၅လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည် လာ၍၊ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။ ၂၆အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်းထင်ရှားလျှင်၊ ၂၇ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲတော်မူသည်မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊ ၂၈အိမ်ရှင်က၊ ဤအမှု ကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍တောပင်တို့ကို ရွေးနှုတ်စေခြင်းငှာ အလိုတော် ရှိသလော ဟု လျှောက်ကြလျှင်၊ ၂၉အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည်စိုးရိမ်စရာအကြောင်းရှိ၏။ ၃ဝစပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီး ပွားပါလေစေ။ စပါးရိတ်သည်ကာလရောက်လျှင်၊ တောပင်တို့ကိုရှေ့ဦးစွာ ရွေးနှုတ်၍မီးရှို့ခြင်းငှါစည်းနှောင်ကြ လော့။ စပါးကိုကား ကျီ၌စုသိမ်းသွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည် ဟု မိန့်တော်မူ၏။