ဘိတ်မြို့ရှိချစ်သောညီအစ်ကိုအပေါင်းတို့ထံပေးစာ

ဘိတ်မြို့ရှိချစ်သောညီအစ်ကိုအပေါင်းတို့ထံပေးစာ
ဖေမြ  ။ဘယ်လိုလဲ ကိုသာလှ- ခင်ဗျားဘိတ်ကိုအလည်သွားတာ ပျော်ခဲ့လား။
သာလှ  ။ပျော်တာပေါ့ဗျာ၊ ဒက္ခိဏတိုင်းရဲ့အထင်ကရ ဘိတ်မြို့ရဲ့အလှ၊ ပင်လယ်ကြီးနဲ့ကျွန်းတွေက အစီရီ၊ လှိုင်းလုံးကြီးများစီးလိုက်ချင်သလား၊ အဟားဟားဟား ပျော်ဖို့ကောင်းလိုက်တာဗျာ၊ ဟို- ကတ်ကျေးကိုက် ဆိုတာကလည်း စားလို့ကောင်းမှကောင်း၊ sea foodဆိုလည်းကြိုက်မှကြိုက်၊ ဘိတ်သားတွေကတော်တော်စေတနာကောင်းတယ်၊ တော်တော်လည်းရိုးသားကြတယ်- ကျုပ်တို့အင်းလျားရှည်ရွာလိုပဲ၊ ကျုပ်ဖြင့်အဲလို ရိုးသားလွန်းတော့ အားမလိုအားမရဖြစ်ခဲ့ရသဗျ။
ဖေမြ  ။ဘာများအားမလိုအားမရ ဖြစ်ခဲ့တာလဲ ကိုသာလှရဲ့။
သာလှ  ။မပြောချင်တော့ဘူးဗျာ။
ဖေမြ  ။ဒါဆို တော်တော်ပြောချင်နေပြီပေါ့။
သာလှ  ။ဟုတ်ပဗျာ- ကရင်နှစ်သစ်ကူးပွဲတော်ကို ဖိတ်လို့ကျုပ်ကရောက်သွားတာ။
ဖေမြ  ။ကျုပ်ကအလည်သွားသလားလို့။
သာလှ  ။စည်ကားလိုက်တာဗျာ ပွဲတော်က ဒုံးယိမ်းတို့ ၀ါးညှပ်တို့ လက်ဝှေ့ပွဲ မော်ဒယ်ရှိုးတို့ ချောတိုင်ပါမကျန် အို-စုံနေတာပါပဲ။ ကျုပ်ဖြင့်လျှောက်လည်တာပေါ့ ဓါတ်ပုံရိုက် ဗွီဒီယိုရိုက်နဲ့ပေါ့၊ ကွင်းလည်ကိုရောက်တော့ ကျုပ်မျက်စိကြီးနှစ်လုံးပြူးထွက်သွားရသဗျ။
ဖေမြ  ။ဘာလဲ သရဲတွေ့လို့လား၊ ဒါမှမဟုတ်ရည်းစားဟောင်းတွေ့လို့လား။
သာလှ  ။ဝီစကီလေးလုံးနဲ့ အုန်းသီးငှက်ပျောသီးတွေ့လိုက်ရသဗျ။
ဖေမြ  ။ဘာလဲ-၊။
သာလှ  ။နတ်ကွန်းလေဗျာ နတ်ကွန်း၊ ပွဲကဏ္ဏားပေးထားတာ။
ဖေမြ  ။လူမျိုးရေးပွဲမဟုတ်လား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်တဲ့ နတ်ကဘယ်ကနေလာတာလဲ။
သာလှ  ။ကော်မတီဝင်တွေရော၊ စပွန်ဆာတွေရောကြည့်လိုက်တာ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာာသာဝင်တွေချည်းပဲ နတ်ကိုးကွယ်တဲ့သူ တစ်ယောက်မှမရှိဘူး။
ဖေမြ  ။ဒါနဲ့-
သာလှ  ။စုံစမ်းကြည့်လိုက်တော့- ဘာမှမဖြစ်တန်လောက်ပါဘူးလို့ ခပ်ပေါ့ပေါ့ယူဆတဲ့သူနဲ့၊ လုပ်ပါစေဗျာလို့ပြောတဲ့သူနဲ့၊ မသိဘူးပြောတဲ့သူနဲ့၊ ပွဲပျက်မှာစိုးလို့ ပြောတဲ့သူနဲ့ အမျိုးမျိုးပဲဗျ။
ဖေမြ  ။ပြောတဲ့သူတွေ အားလုံးခရစ်ယာန်တွေမဟုတ်လား။
သာလှ  ။ဟုတ်ပ။ နောက်ပြီး နတ်ကွန်းနဲ့ အလှံတိုင် ယှဉ်ပြီးထားတော့ ကရင်တစ်မျိုးသားလုံးက ဦးညွတ်အရိုအသေပေးရသလိုဖြစ်နေတယ်ဗျာ၊ ကျုပ်ဖြင့်အဲဒါကြည့်ပြီး စိတ်ညစ်ပါတယ်။
ဖေမြ  ။ပရောဖက် ယေရမိကြီးကိုသတိရသဗျာ။
သာလှ။ ။ဘာများလဲဗျ။
ဖေမြ  ။ယေရုရှလင်မြို့က ဘုရားသားသမီးတွေလေ- ဗာလနတ်ဘုရားတွေကို ကိုးကွယ်ကြတာ၊ ပူဇော်ကြတာ။ အဲဒါကို ဘုရားသခင်အရမ်းစိတ်ဆိုးတယ်၊ ဘယ်လောက်ထိလဲဆိုရင် ယေရမိအနာဂတ္တိကျမ်းအခန်းကြီး(၁)ကနေ(၂၂)ထိပဲ၊ အဲလောက်ရှည်လျားတဲ့ စိတ်ဆိုးမှုမျိုးက ကျမ်းစာထဲမှာတောင်ရှားရှားပါးပါးပဲ၊ အာဒံတို့တုန်းကတောင် ဒီလောက်မဟုတ်ဘူး။
သာလှ  ။ဖတ်ကြည့်ရဦးမယ်ဗျာ။
ဖေမြ  ။“လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာလျှောက်သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့်ပြုတော်မူသနည်း ဟု တစ်ယောက်ကိုတစ်ယောက်မေးကြသည်ရှိသော်၊ ဤမြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကိုစွန့်ပစ်၍၊ အခြားတစ်ပါးသော ဘုရားတို့ကို ၀တ်ပြုကိုးကွယ်ခြင်းကြောင့် ဤသို့ပြုတော်မူသည်ဟုပြန်ပြောကြလိမ့်မည်။”တဲ့ဗျ။ မျိုးရိုးစဉ်ဆက်အလိုက်ကို ကိုယ့်ရဲ့မိုက်မဲမှုအတွက်ခံရမှာ၊ ကိုယ်လုပ်တာကိုယ်ခံမဟုတ်ဘူးနော်။
သာလှ။ ။ဟုတ်တယ်ဗျာ- သေချာစဉ်းစားကြသင့်တယ်- ပေါ့ပေါ့နေပေါ့ပေါ့စားမဖြစ်သင့်ကြတော့ဘူး၊ ဆန္ဒကြောင့်ပေးဆပ်ရမှာ ချင့်ချိန်သင့်တယ်၊ နောက်ပြီးစာတန်ဟာဟောက်သောခြင်္သေ့လိုပဲ လာဟောက်နေပြီ မျိုဖို့ပဲကျန်တော့တယ် ဆိုတာသတိပြုသင့်တယ်။
ဖေမြ  ။ဒါဆိုစာရေးဗျာ၊ နောင်အဲလိုမဖြစ်အောင်လို့။
သာလှ  ။ကျုပ်မှာလည်းနော် တစ်ဒုက္ခ- လေယဉ်ကြီးစီး၊ ဟိုတယ်မှာတည်း၊ ပေးတာယူ၊ ကျွေးတာစားပြီး ကျေးဇူးကန်းတယ်လို့လည်း အထင်မခံချင်ပြန်သေး။
ဖေမြ  ။ပေါ့ပေါ့ပဲနေပြန်တော့မှာပေါ့။
သာလှ  ။အဲလိုမျိုးလည်းမဟုတ်ပြန်သေး။ စိတ်မောရစကွယ်။
ဖေမြ  ။အသင်းတော်တို့ ၀န်ခံကြသော ပဋိညာဉ်ဆယ်ပါးထဲက ပဉ္စမအချက်ဖြစ်တဲ့ “သင်းဝင်သူတစ်စုံတစ်ယောက်သည် ပြစ်မှားလျှင်၊ ငါတို့သည်မဆိုင်သောသူကဲ့သို့ကြည့်၍မနေ၊ ကြင်နာသောစိတ်နှင့် သတိပေး၍ ပညတ်တော်ရှိသည့်အတိုင်းဆုံးမပါမည် ဟု ကတိထားကြ၏။”တဲ့။ ကဲ- ကိုသာလှ ပဋိညာဉ်ရှိတယ်နော်။
သာလှ  ။ခက်တယ်ဗျာ ကိုဖေမြ၊ ကျုပ်မရဲဘူးနော်။
ဖေမြ  ။ကျေးဇူးတော့ မကန်းဘူး ဒါပေမယ့် ကျေးဇူးမဆပ်ဘူးပေါ့လေ။
သာလှ  ။အဲလိုလည်းမဟုတ်ရပါဘူးဗျာ။
ဖေမြ  ။ပဋိညာဉ် စတုတ္ထအချက်မှာ “သင်းဝင်သူချင်း တစ်ယောက်ကိုတစ်ယောက် မနာလိုသောစိတ်၊ ငြူစူသောစိတ်မရှိ၊ ညီအစ်ကိုချင်း ချစ်မေတ္တာ၌တည်၍ သူ့အကျိုးကိုကိုယ့်အကျိုးကဲ့သို့မှတ်လျက် တတ်နိုင်သမျှအတိုင်းပြုပါမည်ဟု ကတိထားကြ၏။”တဲ့ ကဲ- ကိုသာလှ တတ်နိုင်သလိုသာပြုပါတော့။
သာလှ  ။ကောင်းပြီဗျာ- ဘယ်လိုခေါင်းစဉ်တပ်ရမလဲ။
ဖေမြ  ။“ဘိတ်မြို့ရှိချစ်သောညီအစ်ကိုအပေါင်းတို့ထံပေးစာ” ။

God Bless You
Brother Aung